Mobile World Congress 2017 ရဲ့ အကောင်းဆုံး တီထွင်ဆန်းသစ်မှုများ

ကမ္ဘာအဝန်းမှ မိုဘိုင်းဖုန်း ထုတ်လုပ်သူများ သူတို့ရဲ့ ထုတ်ကုန်များကို အပြိုင်အဆိုင် ပြသကြတဲ့ ကမ္ဘာ့ အကြီးမားဆုံး ပွဲဖြစ်တဲ့ Mobile World Congress (MWC) ကတော့ စနေပါပြီ။ အဲဒီပွဲမှာ ဆန်းသစ်တဲ့ နည်းပညာများ ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ သာမက စမတ်ဖုန်းလောကသို့ တစ်ကျော့ပြန် ခြေချလာတဲ့ ခေတ်ဟောင်းဖုန်းများကိုလည်း ပြသနေကြပါတယ်။ အဲဒီ ပွဲရဲ့ အကောင်းဆုံး တီထွင်ဆန်းသစ်မှုရှိတဲ့ ထုတ်ကုန်များကို ဖော်ပြပေးလိုက်ပါတယ်။

BlackBerry KeyOne

ယခင်နှစ်က ဖုန်းထုတ်လုပ်မှုကို ရပ်နားခဲ့တဲ့ BlackBerry က တစ်ကျော့ပြန်ရောက်လာပါပြီ။ KeyOne ကို BlackBerry က ထုတ်လုပ်တာ မဟုတ်ဘဲ တရုတ် ကုမ္ပဏီ TCL က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Physical Keyboard အပါအဝင် တစ်ချိန်က အောင်မြင်ခဲ့တဲ့ BlackBerry Phone များရဲ့ အထင်ကရ ဂုဏ်ဒြပ်များ ပါရှိလာပါတယ်။

LG G6

G6 ရဲ့ စွဲဆောင်မှု အရှိဆုံးကတော့ Screen Ratio ဖြစ်ပါတယ်။ 18:9 အချိုးက အကျယ်ထက် ၂ ဆ ပိုရှည်ပြီး LG က Split-Screen Multitasking ပြုလုပ်ဖို့ အကောင်းဆုံးလို့ ပြောပါတယ်။ အပေါ်တစ်ခြမ်းနဲ့ အောက်တစ်ခြမ်းမှာ App တစ်ခုစီကို သုံးနိုင်မှာပါ။ သူ့ရဲ့ မျက်နှာပြင်ဟာ ဖုန်းရဲ့ အရှေ့ဘက် တစ်ခုလုံး နီးပါး ရှိပါတယ်။

Sony Xperia Touch Projector

Sony ရဲ့ နည်းပညာအသစ်ကတော့ ထိတွေ့ အသုံးပြုနိုင်တဲ့ ပရိုဂျက်တာ ဖြစ်ပါတယ်။ နံရံ သို့မဟုတ် စားပွဲပေါ်မှာ ၂၃ လက်မအရွယ် ရုပ်ပုံများကို ပြသပေးနိုင်ပါတယ်။ စမတ်ဖုန်း၊ လက်တော့များမှာလို ပရိုဂျက်တာရဲ့ ထိတွေ့မျက်နှာပြင်ပေါ်မှာ ပွတ်ဆွဲခြင်း၊ နှိပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Sony Xperia Ear
blank

ယခင်နှစ်က Sony ရဲ့ အထူးခြားဆုံး နည်းပညာကတော့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အသံဖြင့် ခိုင်းစေနိုင်တဲ့ နားကြပ် စပီကာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နားရဲ့ အပြင်ဘက်မှာ နားကြပ်ကို ထုတ်ထားတဲ့ စတိုင်ကို ဖန်တီးထားတဲ့အတွက် အခြားလူများပြောတဲ့ စကားများကို ကြားရမှာပါ။

Sony Xperia XZ

Sony က 4K HDR Display တပ်ဆင်ထားတဲ့ ပထမဆုံး စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ HDR ကိုထောက်ပံ့တဲ့အတွက် အရောင်များဟာ ပိုမိုတောက်ပပြီး နက်မှောင်ပါတယ်။ တစ်စက္ကန့်လျှင် ၉၆၀ ဖရိမ်နှုန်းဖြင့် အနှေးဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။

Moto G5
blank

Lenovo ရဲ့ Moto G Series များဟာ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ရောင်းအားကောင်းပါတယ်။ နောက်ဆုံးထုတ် Moto G5 မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး တန်ဖိုးနည်း စမတ်ဖုန်းများထဲမှှာ ဒီလို သတ္တုကိုယ်ထည် တပ်ဆင်ထားတာဟာ ရှားပါးပါတယ်။ စတာလင်ပေါင် ၁၆၉ ဖြင့် 13MP Camera ကို ပိုင်ဆိုင်နိုင်မှာပါ။

Google Assistant

Google ရဲ့ အသံအမိန့်ပေး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ယခင်နှစ်ထုတ် Google Pixel Phone များမှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ Google Assistant ကို အခြား Android Phone များမှာလည်း ထည့်သွင်းပေးမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Huawei P10

ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီက သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ စွဲဆောင်မှု အရှိဆုံး အစိတ်အပိုင်းမှာ ကင်မရာ ဖြစ်ပါတယ်။ ယခင်နှစ်မော်ဒယ်မှာလို အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အရှေ့ ကင်မရာကို အဆင့်မြှင့်ထားပါတယ်။ အပြာနဲ့ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Samsung Tab S3 & Galaxy Book

Samsung က တက်ဘလက် အသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ ၉.၇ လက်မ Tab S3 မှာ Android နဲ့ ၁၀.၆ လက်မ နဲ့ ၁၂ လက်မ Galaxy Book မှာ Windows ထည့်သွင်းထားပါတယ်။ တက်ဘလက်များအတွက် S Pen နဲ့ ဖြုတ်၊ တပ်နိုင်တဲ့ ကီးဘုတ် ပါရှိပါတယ်။

Nokia 3310

တစ်ချိန်က နာမည်ကျော် ဖုန်းကတော့ တစ်ကျော့ပြန်လာပါပြီ။ Nokia Brand ကို ဝယ်ယူလိုက်တဲ့ HMD က ဖန်တီးထားတာ ဖြစ်ပြီး ၁၇ နှစ် သက်တမ်း ရှိတဲ့ ဖုန်းကို ပြန်လည် ဆန်းသစ်ထားပါတယ်။

Nokia 3 , 5, 6

HMD က Nokia 3, 5, 6 စမတ်ဖုန်းအသစ်များကိုလည်း မိတ်ဆက်လိုက်ပြီး Android ထည့်သွင်းထားတဲ့ ပထမဆုံး Nokia Phone များဖြစ်ပါတယ်။ ဖုန်းအားလုံးဟာ စတာလင်ပေါင် ၃၀၀ အောက်သာ ကျသင့်ပါတယ်။

Alcatel A5 LED

Alcatel A5 LED ရဲ့ အနောက်ဘက်မှာ LED မီးသီးလေးများကို တပ်ဆင်ထားပါတယ်။ Notification အပေါ် မူတည်၍ အရောင်များ ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအသံနဲ့ ဖုန်းကို လှုပ်ခါတဲ့ ပုံစံ အပေါ် မူတည်ပြီးလည်း မတူတဲ့ အရောင်များကို ပြသပေးပါတယ်။

ref : telegraph

%d bloggers like this: