ကျောင်းပြင်ပ ပညာသင် အစီအစဉ်များကို တိုးချဲ့နိုင်ရန် Telenor နှင့် myME တို့ ဆက်လက် ပူးပေါင်း

 

Telenor နှင့် မြန်မာရွေ့လျား ပညာ သင်ကြားရေး စီမံကိန်း (myME) တို့သည် လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေကြသည့် ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များကို ၂၀၁၇ ခုနှစ်အတွင်း ဆက်လက်ပေးအပ်သွားမည့် သဘောတူညီချက် တစ်ရပ်အား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

အဆိုပါ တစ်နှစ်ကြာမြင့်မည့် သဘောတူညီချက်အရ ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသော အသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကလေးငယ်များနှင့် အနီးဝန်းကျင်ရှိ ယင်း အသက်အရွယ် ကလေးငယ်များအား ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကနေပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေကို ဆက်လက် ကူညီမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကိုဝမ်းသာမိပါတယ်။ နောက်ပြီး myME အနေနဲ့ လည်း မပြည့်စုံတဲ့ ကလေးငယ်တွေကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိ ပိုင်ဆိုင်နိုင် စေဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေကို ပေးအပ်နေတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann ကပြောကြားခဲ့သည်။

တယ်လီနောအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင် များတွင် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ ပေးအပ်မည့် myME၏ စီမံကိန်းကို ၂၀၁၄ နိုဝင်ဘာလ ကတည်း က စတင်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ တယ်လီနောသည် myME ဝန်ထမ်းများအားလုံး၏ လစာများကို ကူညီထောက်ပံ့ထားပြီး ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် ဘတ်(စ်)ကားတစ်စီး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကြိုအပို့များအတွက် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနှင့် အခြား ကျောင်းသုံးပစ္စည်း ကိရိယာများကိုလည်း ကူညီထောက်ပံ့ပေးထားသည်။

“ကျောင်းပညာ မသင်ကြားရတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေအတွက် ကျွမ်းကျင် လုပ်ငန်း ဆိုင်ရာ ပညာသင်ကြားမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးတယ်ဆိုတာ အထူး သဖြင့် မြန်မာနိုင်ငံရဲ့ ဒီလို သမိုင်းဝင် အကူးအပြောင်းကာလမှာ လူတိုင်း ဆောင်ရွက်နိုင်တဲ့ အရေးအပါဆုံးနဲ့ လက်တွေ့ အကျဆုံး ကူညီဖေးမမှုပဲ ဖြစ်ပါတယ်။ myME ရဲ့စီမံကိန်းတွေမှာ ကျွန်တော်တို့ လုပ်ဆောင်နေတာကလည်း ဒီလို ကူညီဖေးမမှုတွေပဲ ဖြစ်ပြီး ဒါကလည်း ကျွန်တော့်အနေနဲ့ ပြည်ပမှာ ၂၅ နှစ်ကြာ နေထိုင်ပြီးမှ အမိနိုင်ငံကို ပြန်လာခဲ့တဲ့ အဓိက အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ တယ်လီနော အနေနဲ့လည်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သေသေချာချာ စဉ်းစားစီမံပြီး ပြီးခဲ့တဲ့ ၃ နှစ်တာကာလလုံးလုံး အခုလို လုပ်ငန်းတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်” ဟု myME တည်ထောင်သူ Tim Aye-Hardy က ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: