မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းရဲ့ ၂၀၁၇-၂၀၁၉ သက်တမ်းအတွက် ဥက္ကဋ္ဌနေရာကို တာဝန်ထမ်းဆောင်မယ့် ဥက္ကဋ္ဌသစ် ဦးသောင်းစုငြိမ်းနဲ့ တွေဆုံဖြစ်ခဲ့ပါတယ်။ ဆရာနဲ့ တွေ့တုန်း ကွန်ပျူတာ နဲ့ နည်းပညာအကြောင်းလေးတွေကို အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
Q. မြန်မာနိုင်ငံ ကွန်ပျူတာအသင်းမှာ ဆရာတာဝန်ယူထားတဲ့အပိုင်းတွေကို ပြောပြပေးပါလား။
ကျွန်တော်ကအခု ၂၀၁၇-၂၀၁၉ ခုနှစ် သက်တမ်း အတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။
Q. ဆရာတို့အသင်းရဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါလား။
ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကတော့ အဓိက ကျွန်တော်တို့ အသင်းသားတွေ့က ကွန်ပျူတာ တက္ကသိုလ်က ကျောင်းဆင်းလာတဲ့ ပညာရှင်တွေရှိတယ်။ တစ်ခြား တက္ကသိုလ်တွေက ကွန်ပျူတာ နည်းပညာနဲ့ ဆက်စပ်တဲ့ ဘွဲ့တွေ ရပြီးတော့ ကျောင်းဆင်းလာတဲ့ ပညာရှင်တွေရှိတယ်။ ကွန်ပျူတာနဲ့ဆက်စပ်ပြီး ဘွဲ့ယူခဲ့တာ မဟုတ်ဘဲနဲ့ အခြားဘွဲ့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နည်းပညာလောကထဲကို ရောက်လာတဲ့ ပညာရှင်တွေရှိတယ်။ ဒီလူတွေအားလုံးက ကျွန်တော်တို့ အသင်းသားတွေဖြစ်တယ်။ ဒီအသင်းသားတွေအတွက် အဓိက ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အသင်းသားတွေရဲ့ရှေ့အနာဂတ် သူတို့ရဲ့အလုပ်အကိုင်တွေ ဒီထက်ပိုပြီး တိုးတက်ဖို့ ပညာရပ်တွေ ပိုပြီးတော့ ဆည်းပူးနိုင်စေဖို့ ဖြစ်ပါတယ်။ အခု လာမယ့် သက်တမ်းမှာလည်း ဒီအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။
Q. ဆရာတို့အသင်းမှာ ဖွင့်တဲ့သင်တန်းတွေကိုပြောပြပေးပါလား။
ကျွန်တော်တို့က အသင်းဆိုတော့ အသင်းတစ်ခုအနေနဲ့က MCPA lab ဆိုပြီးတော့ လက်တွေ့လာပြီး စမ်းသပ်လို့ ရတဲ့ပစ္စည်းကိရိယာတွေ ထား ပေးတဲ့ lab ဆိုတာလေး တစ်ခုရှိတယ်။ အဲဒီအောက်ကနေ Wed Development သင်တန်းရှိတယ်။ Networking နဲ့ ပတ်သက်တာတွေရှိတယ်။ အဲဒါလေးတွေကတော့ ပုံမှန်ရှိနေမယ်။ ကျွန်တော်တို့က အသင်းဖြစ်တဲ့အတွက် Volunteer တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အဲဒီတော့ သင်တန်းလို ဟာမျိုးတွေနဲ့ အပြိုင်ဖွင့်ဖို့က မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ဘယ်လိုလုပ်ထားလည်း ဆိုတော့ အလွယ်တကူ အပြင်မှာ မရှိတဲ့ ဘာသာရပ်ဆိုင်ရာ ကိစ္စတွေ အဲဒါမျိုးပဲ လုပ်သွားဖို့ရှိတယ်။ သင်တန်းဖွင့်တယ် ဆိုတဲ့နေရာမှာ မလွဲမှားစေချင်တာက အပြင်မှာ ကွန်ပျူတာ သင်တန်းတွေ၊ နည်းပညာသင်တန်း တွေနဲ့ အပြိုင်ဖွင့်တာ မဟုတ်ပါဘူး။
Q. ဆရာတို့အသင်းရဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ဆောင်ချက်တွေကို ပြောပြပေးပါလား။
ကျွန်တော် က အခု ဖေဖော်ဝါရီ(၁)ရက်နေ့ကမှ တရားဝင် တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ကျွန်တော်တို့က မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ ရန်ကုန်က ပညာရှင်တွေကြီးပဲ မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးက ပညာရှင်တွေအတွက်ကို စဉ်းစားတယ်။ တစ်နိုင်ငံလုံးမှာ ကွန်ပျူတာ အသင်းတွေ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာအသင်း၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ အသင်း ၊ မွန်ပြည်နယ်၊ရှမ်းပြည်နယ် စသဖြင့် ရှစ်ခုရှိတယ်။ အဲဒီအသင်း ရှစ်ခုရဲ့ လိုအပ်ချက်တွေကို အသင်းချုပ်ကနေ တတ်နီုင်သလောက် ပံ့ပိုးပေးတာတို့ ပေါင်းစပ်ညှိနှိုင်းပေးတာတို့ အဲဒါတွေ လုပ်ရတယ်။ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းကလွဲလို့ ကျန် တိုင်း (၆)ခုက လစဉ် လည်ပတ်ဖို့ စရိတ်တွေကအစ အခက်အခဲတွေရှိတယ်။ ရုံးခန်းနေရာတွေ ကောင်းကောင်းမွန်မွန်မရှိကြဘူး။ ရှိတော့လည်း ရုံးခန်းငှားခက ဈေးကြီးတယ်။ အဲဒီအတွက် အခက်ခဲအနည်းငယ်ရှိတယ်။ အသင်းဝင်ကြေးကလည်း ကျွန်တော်တို့က နည်းနည်းပဲကောက်တယ်။ နယ်မှာက လူကြီးတွေနည်းတယ်။ လူငယ်တွေများတယ်။ အဲဒီအတွက် အသင်းချုပ်ကနေပဲ တတ်နိုင်သလောက်ပံ့ပိုးပေးသွားဖို့ရှိတယ်။ ဒါမှလည်း ကွန်ပျူတာ ပညာက တိုးတက်မှာဖြစ်တယ်။
ကွန်ပျူတာ တက္ကသိုလ်တွေကနေ ကျောင်းသားတွေထဲကနေ စကောလားရှစ် ပေးဖို့ လိုအပ်တဲ့သူတွေ၊ ပညာကိုကြိုးစားတယ်..၊ အလုပ်လုပ်ကိုင်ချင်စိတ်လည်း ရှိတယ်။ ပညာမှာလည်း ကြိုးစားပြီးတော့… အရည်အချင်း လည်း တစ်ခု ရှိတယ်။ ကျောင်းဆက်တက်ဖို့အတွက် ငွေလုံလုံလောက်လောက် မရှိတဲ့ နွမ်းပါးတဲ့ကလေးတွေ ရှိခဲ့တယ်ဆိုရင် အဲဒီ ကျောင်းက ကျောင်းအုပ်ဆရာ/ဆရာမတွေရဲ့ ထောက်ခံချက်နဲ့ စကောလားရှစ်ပေးသွားဖို့ အစီအစဉ်လည်းရှိတယ်။ လက်ရှိမှာလည်း ရံဖန်ရံခါ လုပ်နေတာတွေရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ နိုင်ငံအသင်းအနေနဲ့ ရန်ပုံငွေကောက်ပြီးတော့ စနစ်တကျလုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်တစ်ခုကတော့ MCPA Excellent award ဆိုပြီးတော့
ပေးသွားဖို့ရှိတယ်။ အဲဒါက ရန်ကုန်မှာတော့ ပေးနေတာ လေး ၊ ငါး ခြောက်နှစ်လောက်ရှိပြီ။ နယ်မြို့တွေအထိ ချဲ့သွားဖို့ရှိတယ်။အဲဒါက ဘာလည်းဆိုတော့ ကျောင်းတွေမှာ သင်္ချာထူးချွန်ဆုတို့ လိုမျိုးပဲ၊ ကွန်ပျူတာထူးချွန်ဆုဆိုပြီး ပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ရေးနဲ့ ထူးချွန်ဆု ဒီ နှစ်ခုကို ပြည်နယ်နဲ့တိုင်းတွေကို ပြန့်သွားအောင် လုပ်ဖို့ရှိပါတယ်။
Q. လက်ရှိနည်းပညာလောကအပေါ် ဆရာရဲ့အမြင်ကိုပြောပြပေးပါလား။
အခုအခြေအနေကတော့ မြန်မာနိုင်ငံမှာ Facebook ကလူတိုင်းသုံးနေတယ်။ ဆိုရှယ်မီဒီယာတွေက အရမ်းစိုးမိုးလာတယ်။ ဆိုရှယ်မီဒီယာကို သုံးပြီးတော့ အရင်က မသိနိုင်တာတွေကို လွယ်ကူစွာသိနိုင်တယ်။ ဆိုရှယ်မီဒီယာကြောင့် လုပ်ငန်းတွေ ကျယ်ပြန့်လာတာတွေရှိလာတယ်။ ဒီအပေါ်မှာ အန္တရာယ်တွေကလည်း အများကြီးရှိတယ်။ ဒီအန္တရာယ်တွေကို ကောင်းကောင်း ဂရုမပြုဘူးဆိုရင် ဒီပလက်ဖောင်းက ကိုယ်ကို ပြန်ပြီး အန္တရာယ်ပြုလာနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ခြိမ်းခြောက်မှုတွေ ရှိလာနိုင်သလို၊ လူလောကအသိုင်းဝိုင်း တစ်ခုလုံးအတွက်လည်း ခြိမ်းခြောက်မှုတွေရှိလာနိုင်တယ်။ ဒါတွေက နည်းပညာကြောင့် ဖြစ်ထွန်းလာတာလို့ ပြောလိုမရဘူး။ ကွန်ပျူတာသမားတွေ လုပ်လို့ ဖြစ်လာတာလို့ ပြောလိုမရဘူး။ ဒါက လူရဲ့စိတ်ထဲက အတင်းပြောတဲ့အခါ အမြန်ပျံ့နှံ့တယ် ဆိုတဲ့ ပုံစံမျိုးပဲဖြစ်တယ်။ နည်းပညာခေတ်မှာအရာရာ မှန်သမျှ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပျံ့နှံ့မှုနှုန်းက အရမ်းမြန်တယ်။ အဲဒါတွေကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်မလဲ၊ တာဝန်ရှိသူတွေအနေနဲ့ရော ကျွန်တော်တို့လို အသင်းအဖွဲ့တွေအနေနဲ့ရော ဘယ်လိုတွေ လုပ်ပေးလို့ ရမလဲဆိုတာ စဉ်းစားသင့်ပါတယ်။
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…