တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oppo ရဲ့ ထပ်မံထုတ်လုပ်မယ့် စမတ်ဖုန်းအသစ် Oppo Find 9 မှာ 21MP/16MP ကင်မရာ အတွဲ နဲ့ 4100mAh battery ပါဝင်လာ မယ်ဆိုတဲ့ ကောလာဟလတွေ ထပ်မံပေါ်ထွက်လာတယ်လို့ သိရပါတယ်။
(၂၀၁၆) ခုနှစ်အတွင်း အတော်လေးကို ရေးပန်းစားသွားခဲ့တဲ့ Xiaomi Mi Mix လိုမျိုး ဘောင်မပါတဲ့ ဒီဇိုင်းကို Oppo Find 9 မှာ ထပ်မံတွေ့ရှိရမယ့်ဆိုတဲ့ ကောလာဟလတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မှာ ထွက်ပေါ်ခဲ့ပြီး Oppo Find 9 ကို Snapdragon 835 SoC (6GB/128GB memory) version နဲ့ Snapdragon 653 chipset (4GB/64GB) version ဆိုပြီး version နှစ်မျိုး ထုတ်လုပ်မှာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။
အခုထပ်မံထွက်ပေါ်လာတဲ့ ကောလာဟလတွေဟာ Oppo ရဲ့ အခြေစိုက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်တွင်း ကနေပဲ ထွက်ပေါ်လာတာဖြစ်ပြီး ကင်မရာနဲ့ battery အချက်အလက်တွေအပြင် အခြားအချက်အလက်တွေပါ ပါသေးတယ်။
ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Oppo Find 9 မှာ (၅.၅) လက်မ 2K (2048) resolution display နဲ့အတူ 21MP/16MP အတွဲ နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ပုံမှာ 41000mAh လို့ ရေးသားထားတာဟာ မှားယွင်းချက်တစ်ခုဖြစ်နိုင်ပြီး Fast Charge နည်းပညာတစ်ခုဖြစ်တဲ့ VOOC charge နည်းပညာထောက်ပံ့မှုနဲ့အတူ 4100mAh battery ပါဝင်မယ်လို့သာ ခန့်မှန်းနိုင်ပါတယ်။ ဈေးနှုန်းက ခန့်မှန်းခြေ ဒေါ်လာ (၅၈၀) ဝန်းကျင် ဖြစ်နိုင်ပြီး ယခုနှစ်ရဲ့ ပထမနှစ်ဝက် အတွင်းမှာ ထွက်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။