၂၀၁၆ခုနှစ် CES ပွဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးထုတ်ကုန်ပစ္စည်းအသစ်တွေကို အထုတ်ပြနိုင်ဆုံး ကုမ္ပဏီကတော့ Sony လို့ ဆိုရမှာပါ။
ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ Sony ဟာ Multifunctional Light လို့ ခေါ်တဲ့ ဘက်စုံသုံးစမတ်မီးလုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။
ဘက်စုံသုံးစမတ်မီးလုံးဆိုတဲ့နာမည်နဲ့လိုက်အောင် ဒီမီးလုံးဟာ သာမန်မီးလုံးတွေမစွမ်းဆောင်နိုင်တာတွေ အများအပြားစွမ်းဆောင်နိုင်ပါတယ်။ Toshiba ရဲ့ LED မီးလုံးနည်းပညာကို ယခုမီးလုံးမှာ အသုံးပြုထားပြီး၊ သင့်ရဲ့စမတ်ဖုန်းနဲ့ Wi-Fi ချိတ်ဆက်ကာ၊ မီးသီးအဖွင့်အပိတ်၊ အလင်းအတိုးအလျော့တို့ကို လုပ်နိုင်ပါတယ်။
လှုပ်ရှားမှုအာရုံခံကိရိယာ၊ အပူချိန်၊ စိုထိုင်းဆ နဲ့ အလင်းအမှောင်တောက်ပမှုအာရုံခံကိရိယာတွေလည်း ပါရှိတာကြောင့် လူတစ်ယောက်အခန်းထဲကိုဝင်လာတာနဲ့ အလိုအလျောက်မီးပွင့်လာတာမျိုး၊ ထွက်သွားတဲ့အခါ အလိုအလျောက်မီးပိတ်သွားတာမျိုးတွေပါလုပ်ဆောင်နိုင်ပါတယ်။
ဒါတင်မကသေးဘဲ၊ အခန်းတွင်းအပူချိန်ကို သိရှိနိုင်တာကြောင့်၊ အရမ်းအေးသွားတဲ့အခါ သင့်ရဲ့ အပူပေးစက်ကို စမတ်မီးလုံးက အလိုအလျောက်လှမ်းဖွင့်ပေးမှာဖြစ်ပြီး၊ ပူအိုက်လာရင် လေအေးပေးစက်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှုအာရုံခံကိရိယာပါရှိတာကြောင့်၊ သင်အခန်းထဲဝင်လာတာနဲ့၊ တီဗီအလိုအလျောက် ပွင့်လာတာမျိုးတွေကိုပါ Sony ရဲ့ စမတ်မီးလုံးက လုပ်ဆောင်နိုင်ပါတယ်။
Multifunctional Light စမတ်မီးလုံးမှာ ၅၀ပ်အားရှိတဲ့ စပီကာတစ်လုံးနဲ့ မိုက်ခရိုဖုန်းတစ်လုံးလည်းပါရှိပြီး၊ စမတ်ဖုန်းကနေ သီချင်းဖွင့်တာ၊ အပြင်သွားတုန်း၊ အိမ်မှာရှိတဲ့လူကို စမတ်ဖုန်း app ကနေ စကားလှမ်းပြော တာတွေကိုပါ လုပ်ဆောင်နိုင်ကြောင်း Sony က ကုန်ပစ္စည်းမိတ်ဆက်ဗီဒီယိုမှာ ပြသထားပါတယ်။
ဈေးနှုန်းကိုတော့ မသိရှိရသေးဘဲ၊ ၂၀၁၆ ခုနှစ်၊ နှစ်ဝက်လောက်အတွင်း ဂျပန်မှာစတင်ဖြန့်ချိသွားဖို့ရှိတယ်လို့ Sony က ပြောကြားခဲ့ပါတယ်။
Ref: Tech Hive