Fairway Technology မှ ကိုအိမောင်နှင့်တွေ့ဆုံခြင်း

ဒီတစ်ပတ်မှာတော့ Digitaltimes ရဲ့အင်တာဗျူးကဏ္ဍအတွက် မြန်မာနိုင်ငံနည်းပညာလောကထဲက အတွေ့အကြုံရင့် နည်းပညာ ပညာရှင်တစ်ဦး ဖြစ်တဲ့ Fairway Technology မှ ကိုအိမောင်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

ကိုအိမောင်ရဲ့ နည်းပညာပိုင်းအတွေ့အကြုံ နဲ့ လက်ရှိ လုပ်ငန်း

ကျွန်တော်ကတော့ မြန်မာပြည်မှာ Website ရေးသားတဲ့လုပ်ငန်းကို လုပ်ကိုင်လာတာ (၇)နှစ် ၊ (၈)နှစ် ရှိပါပြီ။ ကျွန်တော်တို့စလုပ်ခဲ့တဲ့ (၂၀၀၉) ၊ (၂၀၁၀) ၊ (၂၀၁၁) ကာလတွေမှာ နည်းပညာလောကထဲက software development ပိုင်းမှာ Web Technology ဆိုတာအရေးပါဆုံးဖြစ်နေတဲ့အချိန်ပေါ့။ နောက်ပိုင်း Mobile development ထွန်းကားလာတဲ့အချိန်မှာ Mobilel development ပိုင်းကိုလည်း လုပ်ဖြစ်တယ်ပေါ့။ Web နဲ့ပတ်သတ်ပြီး ကျွန်တော်တို့လုပ်ခဲ့တာတွေပြောရရင် အရင်ကတော့ outsource တွေလုပ်တယ်။ Outsource တွေဆိုတာက ပြည်တွင်းကရော ပြည်ပကရော ကုမ္ပဏီအတော်များများက ကျွန်တော်တို့ဆီမှာ web နဲ့ဆက်နွယ်နေတဲ့ project တွေအပ်ကြတယ်။ အဲဒါကိုကျွန်တော်တို့ (၂)နှစ်လောက်လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူများအပ်တဲ့ Project တွေထက်စာရင် ကိုယ်ပိုင်ဖန်တီးမှု၊ ကိုယ်ပိုင် (web ကိုအခြေပြုတဲ့ software) product လေးတွေ ကို Fairway ဆိုတဲ့နာမည်နဲ့စလုပ်တယ်။ စလုပ်တဲ့အခါမှာ (၂)နှစ်လောက် software product လေးတွေ ၊ document management system (လုပ်ငန်းသုံးစာရွက်စာတမ်းစီမံမှုစနစ်) တွေ လုပ်ဖြစ်တယ်။ အဲလို (၂)နှစ်လောက်လုပ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့နဲ့ ပြည်တွင်းက system integrator company တွေနဲ့ လုပ်ငန်းချင်းပူးပေါင်းပြီး (၂)နှစ်လောက်ထပ်လုပ်ဖြစ်တယ်။ အဲ့ဒီအချိန်မှာတော့ outsource လည်းမလုပ်တော့ဘူး။ ကိုယ်ပိုင် product တွေလည်းမလုပ်တော့ဘဲ ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီရဲ့ e-government project တွေလုပ်တယ်။ အခုနှစ် (၂၀၁၆) ဇန်နဝါရီလမှာတော့ e-government project တွေကနေ ခွဲထွက်ပြီးတော့ လက်ရှိ Fairway Technology ဆိုပြီးတော့ လုပ်ငန်းအသစ်တစ်ခု ပြန်ပြီးတော့လုပ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ကဏ္ဍ(၃) ခုလုပ်ဖြစ်တယ်။ တစ်ခုကတော့ Service ပေါ့။ နည်းပညာနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုမျိုးစုံလုပ်တယ်။ နောက်တစ်ခုကတော့ ပညာရေးပေါ့။ ပညာရေးနဲ့ပတ်သတ်တဲ့ သင်တန်းတွေဖွင့်တယ်။ web development ၊ web design ၊ mobile app development နဲ့ပတ်သတ်တဲ့ သင်တန်းတွေဖွင့်တယ်။ လောလောဆယ်တော့ ပိတ်ရက်(weekend) အတန်းတွေများတယ်။ နောက်ပိုင်းမှာ ကြားရက်တွေအတွက်ပါဖွင့်ဖို့အတွက်ဖြည်းဖြည်းချင်းတိုးချဲ့မယ်။ ပြီးရင် On Job Trainning တွေလုပ်မယ်။ တဖြည်းဖြည်းနဲ့ ပညာရေးကဏ္ဍမှာ Web နဲ့ပတ်သတ်တဲ့အပိုင်း၊ Mobile နဲ့ပတ်သတ်တဲ့ အပိုင်းတွေကို တစ်နေရာထဲမှာ အခြေခံကနေစပြီး နောက်ဆုံးလုပ်ငန်းခွင်ဝင်နိုင်တဲ့ Professional ဖြစ်တဲ့အထိ သင်တန်းအားလုံးကို ပေးနိုင်တဲ့ Level အထိရောက်အောင် အခုကြိုးစားနေတယ်ပေါ့။ နောက်ဆုံးတစ်ခုကတော့ Consultant ပေါ့။ လုပ်ငန်းကြီးတွေမှာ နည်းပညာနဲ့ပတ်သတ်တဲ့ နည်းပညာ Consultant လိုအပ်တယ်ဆိုရင် ကျွန်တော်တို့က ဝန်ဆောင်မှုပေးတယ်။ လက်ရှိလုပ်နေတာကတော့ ဒါတွေပေါ့။ ဇန်နဝါရီလက စလုပ်ခဲ့တာဆိုတော့ အခုဆိုရင် (၁၀) လရှိပါပြီ။

လက်ရှိ ပြည်တွင်း Web Development ပိုင်းက အားသာချက် ၊ အားနည်းချက်

ကျွန်တော်တို့စလုပ်ခဲ့တုန်းကတော့ Web နဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့သူနည်းတာ မှန်ပေမယ့် ဒီနေ့အချိန်မှာ လုပ်နိုင်တဲ့သူများလာတာကို တွေ့ရတယ်။ Website တွေကိုလည်း အမျိုးအမျိုးဖန်တီးနိုင်ကြတာတွေ့ရတယ်။ သတင်းမီဒီယာတွေ ၊ အလုပ်အကိုင်ရှာဖွေးရေး Classified Ads စတာတွေပေါ့။ တော်တော်များများ လုပ်နိုင်ကြပါတယ်။ အခုဆိုရင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ (SME) ကစလို့ လုပ်ငန်းကြီးတွေထိ Website တွေပြုလုပ်ပြီးတော့ နည်းပညာကို အကြိုးရှိရှိ အသုံးချလာကြတယ်။ အရင်တုန်းကဆိုရင် ဒါက တော်တော်လေးတိုက်တွန်းခဲ့ရတဲ့ ကိစ္စတွေလို့ပြောရမှာပါ။ ဘဏ်တွေဆိုရင်လည်း နည်းပညာကို စနစ်တကျ သုံးပြီးတော့ Banking ဝန်ဆောင်မှုတွေကို အကောင်းဆုံးလုပ်နိုင်လာတယ်။ အရမ်းကြီး တွင်တွင်ကျယ်ကျယ်မအောင်မြင်သေးပေမယ့် လုပ်ပေးနိုင်လာကြတာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက  Web Development နဲ့ပတ်သတ်လို့ နည်းပညာပိုင်း အားနည်းချက်ရှိတယ်လို့ မမြင်ပါဘူး။ မျှော်မှန်းထားသလောက် အသုံးချ Web Application တွေမပေါ် ဘူးဆိုတာတော့ ရှိကောင်းရှိမယ်။ ဒါကလည်း နည်းပညာကြောင့်မဟုတ်ပါဘူး Market ကြောင့်ပါ။ Website တစ်ခုလုပ်ပြီဆိုရင် ဒီပေါ်ကနေ ဝင်ငွေရနိုင်တဲ့အကြောင်းအရာ ရှိတယ်ဆိုမှ ၊ လုပ်ငန်းအနေနဲ့ကလည်း သူတို့အနေနဲ့ ဒီ Website ထောင်လိုက်လို့ သူတို့ရဲ့ လုပ်ငန်းကို တကယ်အထောက်အကူပြုတယ်ဆိုတော့မှ လုပ်ကြမှာဆိုတော့ အဲ့ဒီအပိုင်းတွေမှာ Market ပိုင်းအားနည်းချက်တွေရှိတဲ့အတွက်ကြောင့် သူများနိုင်ငံတွေ မှာလို တွင်တွင်ကျယ်ကျယ်အသုံးမပြုနိုင်ကြသေးတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒါတွေတိုးတက် ကောင်းမွန်လာမှာပါ။

e-commerce နဲ့ပတ်သတ်လို့ အမြင်

e-commerce နဲ့ ပတ်သတ်လို့ ပြည်တွင်းမှာတော့ Facebook ပေါ်မှာအလုပ်များတာတွေ့ရပါတယ်။ Facebook Page တွေထောင်ပြီး ပစ္စည်းတွေရောင်းကြတယ်။ ကြော်ငြာကြတယ်။ Social Network ပေါ်က Marketplace သဘောမျိုး ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒါကောင်းတဲ့ အလားအလာတွေဖြစ်ပါတယ်။ ဘာတွေလည်းဆိုတော့ ဒီနေ့ခေတ်မှာ Online Store တစ်ခုဆောက်တာက မခက်တော့ဘူး ။ Website တစ်ခုပြုလုပ်တာကိုလည်း  ပြည်တွင်းက လူတွေက အလွယ်တကူလုပ်နိုင်ကြတယ်။ လုပ်လည်းလုပ်ပေးနေကြတယ်။ Online Store တစ်ခု မဆောက်ချင်သည့်တိုင်အောင် နောက်ဆုံး Facebook ပေါ်ကနေ marketplace သဘောမျိုး တင်ရောင်းကြတာလည်း အဆင်ပြေတာပဲ။ အဲ့အပိုင်းကပြဿနာမရှိဘူး။ ပြည်တွင်း e-commerce ပိုင်းမှာ ရှိနေတဲ့ အဓိကပြဿနာတွေကတော့ . . .

  •  ပထမတစ်ချက်က Payment ။ အွန်လိုင်းပေါ်ကနေ ငွေပေး ငွေယူ နဲ့ ပစ္စည်းဝယ်မယ် ဆိုတဲ့လူတွေမှာ Payment Method မရှိသေးဘူး။ Method ရှိသည့်တိုင်အောင် အွန်လိုင်းပေါ်က ပိုက်ဆံပေးတဲ့ အလေ့အထ မရှိသေးဘူး။ နိုင်ငံခြားမှာဆို သက်ဆိုင်ရာ Credit Card လိုဟာမျိုး ၊ Paypal လိုဟာမျိုးတွေကနေ ငွေချေလို့ရတယ်။ ကျွန်တော်တို့ဆီမှာက Paypal က လုံးဝ သုံးလို့မရဘူး။ ဘဏ်တွေကနေတစ်ဆင့် Online Banking နဲ့ငွေချေတာတွေရှိတော့ရှိနေပေမယ့် သိပ်အဆင် မပြေသေးဘူး။ Online ပေါ်မှာ Payment ပိုင်းနဲ့ပတ်သတ်လို့ကတော့ ကျွန်တော်တို့ဆီမှာ ပုံစံအမျိုးအမျိုးနဲ့ အားနည်းနေသေးတယ်။ လက်ရှိမှာ MPU Card တွေရှိနေပြီဆိုပေမယ့် ဒီ Card တွေက Reliable မဖြစ်သေးဘူး။ ပြောချင်တာက အချိန်မရွေးပေးလို့ရတဲ့အဆင့်ကို မရောက်သေးဘူး။ Card ကအဟောင်းဖြစ်နေတဲ့အတွက် အသစ်မလဲရသေးလို့ ၊ လိုင်းကျနေလို့ ၊ ဘဏ်ဘက်က error ဖြစ်လို့ ၊ MPU ဘက်က error ဖြစ်လို့ စတဲ့ ပေးလို့မရနိုင်တဲ့ အကြောင်းအရင်းတွေကလည်း မျိုးစုံရှိနေသေးတဲ့အတွက် reliable မဖြစ်သေးဘူး။ ပေးလို့ရနိုင်တယ်ပဲထားဦး ဒီကလူတွေက ဒီဘက်ကနေ့ Card နံပါတ်ရိုက်ထည့်ရုံနဲ့ ပိုက်ဆံလှမ်းပေးလို့ရတယ်ဆိုတဲ့ အလေ့အထမျိုးမရှိကြသေးဘူး။
  • ဒုတိယအချက်ကတော့ Delivery ပိုင်းပါ။ ပြည်တွင်းက Delivery တွေက မဖြစ်ဖြစ်အောင် အတင်းလုပ်နေကြတာများတယ်။ စနစ်ကျတဲ့ Delivery ဝန်ဆောင်မှုမျိုးမရှိသေးဘူး။ အချို့ Online Shopping တွေက နေ့ချင်းပြီးအရောက်ပို့တယ်ဆိုတာက အတင်းဖြစ်အောင်လုပ်နေကြတာ၊ ကြံဖန်ပြီး မရရအောင် လုပ်နေကြတာများတဲ့အတွက် ပြဿနာတွေကအများကြီးပဲ။ ပစ္စည်းပို့ဖို့ငှားထားတဲ့သူက ပစ္စည်းတွေယူသွားတာ မျိုးတွေကြုံနေရတယ်။ ပြောချင်တာကတော့ ပြည်တွင်းက e-commerce ပိုင်းမှာ Delivery ကိုစနစ်တကျ ဝန်ဆောင်မှုပေးနိုင်တဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့မြင်တယ်။

ဒီနှစ်ချက်ကတော့ Major တွေပေါ့။ Minor ပြဿနာလေးရှိသေးတယ်။ အဲ့ဒါကတော့ Legal ကိစ္စပါ။ အဲ့ဒါကတော့ ဥပေဒေကြောင်းအရ e-Commerce နဲ့ပတ်သတ်တဲ့ ကိစ္စတွေကို တရားဝင် အသိအမှတ်ပြုဖို့ ၊ ဒီပေါ်မှာ စားသုံးသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ ရောင်းချသူ(ဆိုင်)တွေရဲ့ အခွင့်အရေးကိုကာကွယ် ပေးဖို့ ၊ အမှန်တကယ် စီးပွားရေးတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ဆိုတဲ့ကိစ္စတွေ ကျန်နေပါသေးတယ်။ ဒါတွေကတော့ ဖြည်းဖြည်းချင်း လုပ်သွားလို့ရနိုင်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံ မှာ e-Commerce တွင်ကျယ်လာတယ်။ နောက်ပိုင်းလည်း ပိုပြီးတွင်ကျယ်လာမှာ ဖြစ်တဲ့အတွက် Payment နဲ့ Delivery ပိုင်းတွေမှာ စနစ်တကျဖြစ်သွားဖို့ အရေးကြီးဆုံးပါပဲ။ ဒီနှစ်ချက်သာ အဆင်ပြေသွားရင် ပြီးပြည့်စုံတဲ့ e-Commerce တစ်ခုဖြစ်လာမှာအသေအချာပါပဲ။

နည်းပညာလေ့လာချင်တဲ့ လူငယ်တွေအပေါ်အကြံပြုချက် ( Self-study နဲ့ သင်တန်းတက်တာ)

နည်းပညာလေ့လာချင်တဲ့လူငယ်တွေအတွက်ပြောချင်တာကတော့ Self-Study ကတော့မဖြစ်မနေလုပ်ရမယ်။ ဒါပေမယ့် နည်းပညာ ကဏ္ဍတစ်ခုကို အခြေခံက စပြီးလေ့လာမယ်ဆိုရင်တော့ လမ်းကြောင်းမှန်ပေါ်ရောက်သွားဖို့အတွက် တည့်မတ်ပေးမယ့်သူလိုပါတယ်။ အခြေခံအဆင့်မှာ ဘေးကလမ်းပြတဲ့သူမရှိရင်  သာမန်ထက်အချိန်ပိုကြာနိုင်ပါတယ်။ အခုခေတ်က အွန်လိုင်းပေါ်မှာ Tutorial Video တွေပေါနေပေမယ့်။ Video တစ်ခုကို နည်းစနစ်တစ်မျိုးဖြစ်နေတဲ့ အတွက် ဘာကိုလေ့ကျင့်ရမှန်းမသိဘဲ ဗျာများနိုင်ပါတယ်။ အဲ့ဒါကြောင့် အခြေခံအတွက်ကိုတော့ သင်တန်းတက်သင့်ပါတယ်။ သင်တန်းတက်ပြီး ကိုယ်တကယ်လေ့လာချင်တဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ပြီ အခြေခံသဘောတရားနားလည်ပြီးဆိုမှ ကျန်တာတွေကို ထပ်လေ့လာသင့်ပါတယ်။ Self-Study ကတော့လုပ်ကိုလုပ် ရမှာပါ။ သင်တန်းဆိုတာ Self-Study လုပ်တဲ့လူတွေအတွက် လမ်းကြောင်းမှန်ဖို့ ပံ့ပိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Self-Study လုပ်လာတာပါ။ ဒါကြောင့် ကျွန်တော်တို့ (၃)နှစ်ကြာအောင် လုပ်ခဲ့ရတဲ့ပညာတွေကို အပြင်မှာ (၃)၊ (၄) လနဲ့ အပြတ်လေ့လာနိုင်အောင် လမ်းညွှန်ပေးနိုင်ဖို့ သင်တန်းတွေဖွင့်ပေးတာဖြစ်ပါတယ်။

ကိုအိမောင် ရေးဖူးတဲ့ နည်းပညာစာအုပ်တွေအကြောင်း

ကျွန်တော်ရေးထားတဲ့ စာအုပ် (၃) အုပ်ရှိပါတယ်။ ပထမဆုံးတစ်အုပ်ကတော့ Professional Web Developer ဆိုတဲ့စာအုပ်ပါ။ ကျွန်တော်ရဲ့ နှစ်ပေါင်းများစွာလေ့လာ ခဲ့တဲ့အတွေ့အကြုံ နဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို လက်ရှိ ဆရာအဖြစ်ပြန်လည်သင်ကြားနေတဲ့ သင်ကြားမှုအတွေ့အကြုံတွေ နဲ့ပေါင်းစပ်ပြီး ရေးသားထားတာဖြစ်တဲ့အတွက် ဒီစာအုပ်ရဲ့ အကူအညီနဲ့ Web Development ပိုင်းကို လေ့လာနေသူတစ်ယောက် အတွက်တော့ အတော်အတန် ခရီးရောက်မယ်ဆိုတာ သေချာပေါက်အာမခံနိုင်ပါတယ်။ လူစိတ်ဝင်စားမှုများတဲ့စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ အွန်လိုင်းမှာ အခမဲ့ PDF Link ပေးထားတာတောင် စာအုပ်ကိုလည်း ဝယ်ဖတ်ကြပါတယ်။ အဲ့ဒီအတွက် အခုဆို စတုတ္ထအကြိမ်မြောက်ရိုက်ရမှာဖြစ်ပါတယ်။

နောက်တစ်အုပ်ကတော့ Ubuntu Linux အသုံးပြုပုံဖြစ်ပါတယ်။ Linux OS နဲ့ပတ်သတ်ပြီး ပြည်တွင်းကလူတွေ စိမ်းကြတဲ့အတွက် နေ့စဉ်မသုံးနိုင်ရင်တောင်မှ ဘာလဲဆိုတာ သိထားနိုင်စေဖို့ ၊ စမ်းသပ်ချင်တဲ့သူတွေ စမ်းနိုင်ဖို့အတွက် ရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးတစ်အုပ်ကတော့ Rockstar Developer ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ Web Service နဲ့ပတ်သတ်တာတွေ ၊ Project Management နဲ့ပတ်သတ်တာတွေ ၊ Web Server Architecture နဲ့ပတ်သတ်တာတွေကို ရေးသားထားတာဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းခွင်မှာ အတွေ့အကြုံရှိပြီးသား လူတွေအတွက် ထပ်မံလေ့လာလို့ရအောင် အဆင့်မြင့်နည်းပညာတွေ စုစည်းရေးသားထားတဲ့ စာအုပ်ဆိုပြီး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ထုတ်ထားပြီးသား (၃)အုပ်အပြင် ထပ်ရေးမယ့် တစ်အုပ် ၊ နှစ်အုပ်လည်း ရှိပါသေးတယ်။

Fairway Technology ကဖွင့်တဲ့ သင်တန်းတွေကို စုံစမ်း လေ့လာချင်ရင်

Fairway.com.mm မှာ ဝင်ရောက်လေ့လာလို့ရပါတယ်။ ဖွင့်မယ့် သင်တန်းတွေရဲ့ နေ့ရက် ၊ အချိန် ၊ သင်တန်းကြေး နဲ့ သင်မယ့်ဆရာရဲ့ ဖုန်းနံပါတ်တွေကို အသေးစိတ် ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။ Facebook ပေါ်မှာလည်း Fairway Technology ဆိုတဲ့ နာမည်နဲ့ Page ရှိပါတယ်။

ဖြေကြားပေးခဲ့တဲ့အတွက် ကိုအိမောင် ကိုကျေးဇူးအထူးတင်ရှိပါတယ်။

%d bloggers like this: