SoundCloud ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ Spotify

Spotify ဒီဂျစ်တယ်ဂီတဝန်ဆောင်မှုလုပ်ငန်းဟာ ပြိုင်ဘက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ SoundCloud ကို ဝယ်ယူဖို့ ကနဦးဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

အကယ်၍ Spotify သာ SoundCloud ကို ဝယ်ယူလိုက်နိုင်ပါက၊ SoundCloud မှာ ရှိပြီးသား သီချင်းအပုဒ်ရေ ၁၂၅ သန်းကျော်ကိုလည်း ရရှိမှာဖြစ်တာကြောင့်၊ Spotify သီချင်း Library က ပိုမိုစုံလင်များပြားလာမှာပါ။

ဝါသနာရှင်တွေကိုယ်တိုင်ဖန်တီးထားတဲ့ဂီတသံစဉ်တွေ ပြည့်နှက်လျက်ရှိတဲ့ SoundCloud ဟာ ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းလည်ပတ်မှုအရှုံးပေါ်ငွေ ယူရို ၃၉ သန်းအထိ ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ၎င်းတို့ရဲ့ user အရေအတွက်နဲ့ စီးပွားရေးအခြေအနေကို ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ SoundCloud Go ဆိုတဲ့ အခကြေးငွေသွင်းဝန်ဆောင်မှုကို ထုတ်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့တာကြောင့်၊ နောက်ဆုံးမှာSpotify ထံ ရောင်းချသွားမယ့်အနေအထားရှိနေတာပါ။

Spotify အနေနဲ့လည်း SoundCloud ရဲ့ အကြမ်းထည်သီချင်းတွေ၊ ကိုယ်ပိုင်သံစဉ်သီချင်းတွေသာ ရခဲ့မယ်ဆိုရင် Exclusive ( သူတို့ဝန်ဆောင်မှုမှာပဲရရှိနိုင်မယ့်) ပေါက်သီချင်းတွေနဲ့ user တွေကို ဆွဲခေါ်နေတဲ့ Apple Music ၊ Tidal နဲ့ တခြားပြိုင်ဘက်ဝန်ဆောင်မှုတွေကို အသာစီးရယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: The Verge, Engadget

 

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top