CES 2017 ကို သိမ်းပိုက်ထားတဲ့ Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa

Amazon ရဲ့ Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကတော့ CES 2017 မှာ လူပြောအများဆုံး ဖြစ်နေပါတယ်။ Alexa ဟာ တန်ဖိုးနည်း Echo နဲ့ Echo Dot များမှာ ပါရှိပြီး စမတ်နေအိမ်လောကမှာ အောင်မြင်လာပါပြီ။ CES 2017 ကို ကြည့်ရင် Alexa ရဲ့ စမတ်နေအိမ် ဈေးကွက်မှာ အရေးပါမှုကို မြင်ရမှာပါ။ Amazon ဟာ ကုမ္ပဏီများစွာရဲ့ ထုတ်ကုန်များမှာ Alexa ကို ထည့်သွင်းဖို့ ပူးပေါင်းခဲ့တာက အထင်ကြီးစရာပါ။ Google, Microsoft , Samsung နဲ့ Apple တို့က စမတ်နေအိမ်နဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေပေမယ့် Amazon က သူတို့ကို နောက်ကောက်ချလိုက်နိုင်ပါပြီ။ CES မစခင်မှာတောင် Alexa ဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောနေကြတဲ့ အရာဖြစ်ခဲ့ပါတယ်။

လူတိုင်းပြောနေကြတဲ့ Alexa

Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa ဟာ LG ရဲ့ CES ထုတ်ကုန် မိတ်ဆက်ပွဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။ LG ရဲ့ စမတ်ရေခဲသေတ္တာမှာတောင် Alexa ရှိနေပါတယ်။ ပါးစပ်ကနေ ပြောလိုက်တာနဲ့ သူက ဈေးဝယ်စာရင်းများကို ပြုလုပ်ပေးမှာပါ။

ကားကုမ္ပဏီကြီး Ford ရဲ့ ကားများမှာတောင် Alexa ၀င်ထိုင်နေပါပြီ။ သူက လမ်းပိတ်ဆို့မှု အခြေအနေကို စဉ်ဆက်မပြတ် အသိပေးနိုင်သလို အိမ်အပြင်မထွက်ခင်မှာ ကားကို စက်နှိုးပေးနိုင်ပါတယ်။

Lenovo ရဲ့ Smart Alarm Clock ဖြစ်တဲ့ Vobot ထဲကိုလည်း Alexa နေရာယူထားပါတယ်။ မနက် အိပ်ယာနှိုးတဲ့ အလန်းသံ ကြားရင် လက်နဲ့ နာရီကို ကိုင်စရာမလိုတော့ဘဲ အသံအမိန့်နဲ့ အလန်းသံကို ပိတ်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ တီဗီထုတ်လုပ်တဲ့ ကုမ္ပဏီငယ် ၃ ခု ဖြစ်တဲ့ Seiki, Westinghouse နဲ့ Element တို့ရဲ့ TV Remote များမှာလည်း Alexa ကို ထည့်သွင်းထားပါတယ်။ Remote ရဲ့ မိုက်ကရိုဖုန်းကနေ ကြည့်ချင်တဲ့ လိုင်းကို Alexa အား ဖွင့်ခိုင်းလိုက်ရုံပါပဲ။ Audio Company Monster ရဲ့ ထုတ်ကုန်မှာတောင် သူရှိနေပါပြီ။

CES ကျင်းပတဲ့ Consumer Technology Association က Alexa ထည့်သွင်းထားတဲ့ Device အရေအတွက်ဟာ ၇၀၀ နီးပါးရှိမယ်လို့ ပြောပါတယ်။ Amazon က နာမည်ကြီး Consumer Electronics များကို အလဲထိုးတဲ့ CES ပွဲဖြစ်လာပါတယ်။

Amazon ဟာ စမတ်နေအိမ်နယ်ပယ်မှာ အောင်မြင်ဖို့ အကောင်းဆုံး ဖြစ်ဖို့ မလိုဘဲ သင့်တင့်အောင် ကောင်းဖို့နဲ့ ဈေးနှုန်းသက်သာမှုဟာ အဓိက ကျတယ်ဆိုတာ သဘောပေါက်ထားပါတယ်။ Black Friday ဈေးရောင်းပွဲမှာလည်း Amazon Echo ဟာ ရောင်းအားကောင်းခဲ့ပါတယ်။ Dots ဟာလည်း တန်ဖိုးနည်းတဲ့အတွက် ခရစ်စမတ်လက်ဆောင်အဖြစ် အလုအယက်ဝယ်ယူခဲ့ကြပါတယ်။

ဒါပေမယ့် ဒါဟာ စမတ်နေအိမ်လောကရဲ့ ခြေလှမ်းအစသာ ရှိပါသေးတယ်။ Apple အပါအ၀င် ပြိုင်ဖက်ကြီးများရဲ့ ဆန်းသစ်တဲ့ စမတ်နေအိမ် ကိရိယာများ ပေါ်လာနိုင်ပါတယ်။ Amazon ကသာ LG နဲ့ Ford တို့လို ကုမ္ပဏီကြီးများနဲ့ ဆက်လက်ပူးပေါင်းပြီး Alexa မှာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များကို စဉ်ဆက်မပြတ်ထည့်သွင်းပေးနေမယ်ဆိုရင် အနာဂတ်နေအိမ်များမှာ Alexa လို့ ခေါ်တဲ့ အသံများဟာ Cortana , Siri တို့ထက် ဆူညံနေမှာပါ။

ref : tech radar

Comments

comments

Top