ထုတ်လုပ်မှုစရိတ် ၂၈၅.၇၅ ဒေါ်လာသာရှိတဲ့ Google Pixel XL စမတ်ဖုန်း

Google က ပထမဆုံးကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းတွေဟာ Android ဖုန်းတွေထဲမှာ ဈေးအကြီးဖုန်းတွေလို့ ဆိုနိုင်ပြီး၊ Apple ရဲ့ iPhone 7 ၊ Samsung ရဲ့ Galaxy S7 ဖုန်းတွေနဲ့ ဈေးအတူတူနီးပါးပါပဲ။

ဒါပေမယ့် ဒီစမတ်ဖုန်းအတွက် Google ရဲ့ အမှန်တကယ်ကုန်ကျစရိတ်က ဘယ်လောက်ရှိမယ်လို့ သင်ထင်ပါသလဲ။

ဟုတ်ကဲ့။ ဈေးကွက်သုတေသနကုမ္ပဏီ IHS Markit ရဲ့ တစ်စစီဖြုတ်စစ်ဆေးမှုအရ Pixel XL စမတ်ဖုန်းဟာ ထုတ်လုပ်မှုစရိတ် ပျှမ်းမျှ ၂၈၅ ဒေါ်လာသာရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒီထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ပြိုင်ဘက်မော်ဒယ်မြင့်စမတ်ဖုန်းတွေဖြစ်တဲ့ iPhone 7 Plus ၊ Galaxy S7 Edge တို့နဲ့ အတူတူပါပဲ။

pixel-xl-i7plus-back

32GB Pixel XL စမတ်ဖုန်းကို ၇၆၉ ဒေါ်လာနဲ့ ရောင်းချထားတာကို အကြမ်းဖျင်းတွက်ကြည့်မယ်ဆိုရင် Google အတွက် တစ်လုံးရောင်းရပြီးတိုင်း အသားတင်ဝင်ငွေ ၄၈၃.၂၅ ဒေါ်လာဝင်နေပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီဝင်ငွေမှာ ကုမ္ပဏီရဲ့ သုတေသနပိုင်းကုန်ကျစရိတ်၊ ဆော့ဖ်ဝဲတန်ဖိုး၊ ဖြန့်ချိရေး၊ ကြော်ငြာအသုံးစရိတ်တွေ မပါသေးတာကို သတိပြုရမှာပါ။

Pixel XL စမတ်ဖုန်းမှာ သုံးထားတဲ့အစိတ်အပိုင်းတစ်ခုချင်းကို တန်ဖိုးတွက်မယ်ဆိုရင် Samsung က ထုတ်လုပ်ပေးထားတဲ့ ၅.၅ လက်မ QHD AMOLED display ချည်းသက်သက်က ၅၈ ဒေါ်လာအထိ ရှိနေတာတွေ့ရပါတယ်။ နောက်ထပ်တန်ဖိုးအကြီးဆုံးပစ္စည်းကတော့ Qualcomm ရဲ့ Snapdragon 821 ပရိုဆက်ဆာဖြစ်ပြီး၊ ဒေါ်လာ ၅၀ ဈေးရှိပါတယ်။ RAM အပိုင်းနဲ့ NAND မမ်မိုရီအပိုင်းက ၂၆.၅၀ ဒေါ်လာ ရှိပြီး၊ ကျန်ပစ္စည်းတွေကတော့ တန်ဖိုးအကြီးစားတွေမဟုတ်ပါဘူး။

ဒီထဲကမှ ထူးခြားတာတစ်ခုက Google Pixel ရဲ့ အကောင်းဆုံးဆိုတဲ့ ကင်မရာပိုင်းစရိတ်က ရှေ့ကင်မရာကော နောက်ကင်မရာပေါင်း ၁၇.၅၀ ဒေါ်လာသာရှိပါတယ်။ ဒါပေမယ့် ဒီစရိတ်မှာ Google ရဲ့ EIS နည်းပညာတွေပါ ထည့်တွက်ရင်တော့ တန်ဖိုးပိုများလာမှာပါ။

googlepixelteardown-802x1024

Samsung တို့ iPhone တို့ Pixel တို့မှာ သုံးထားတဲ့ ပစ္စည်းတော်တော်များများကို တခြားပြင်ပကုမ္ပဏီတွေပဲ ထောက်ပံ့ထားတာဖြစ်လို့၊ ဒီလို ပစ္စည်းတစ်ခုချင်းစီ ကုန်ကျစရိတ်တွက်ဖို့က လွယ်တယ်လို့ ဆိုနိုင်မှာပါ။ ဒီ့အပြင် ဟာ့ဒ်ဝဲပျှမ်းမျှကုန်ကျစရိတ်ကိုသာ ထည့်တွက်ထားတာဖြစ်လို့ တခြားဆော့ဖ်ဝဲပိုင်း၊ ဖြန့်ချိရေးပိုင်းတွေ ပါမယ်ဆိုရင် တန်ဖိုးက ဒီထက်များလာဖို့ပဲရှိပါတယ်။

IHS Markit ရဲ့ အရင်တွက်ချက်မှုတွေအရ Samsung Galaxy S7 ဖုန်းဟာ ထုတ်လုပ်စရိတ် ၂၅၅ ဒေါ်လာသာရှိပြီး၊ iPhone 7 ကတော့ ၂၂၄.၈၀ ဒေါ်လာရှိတယ်လို့ သိရပါတယ်။

Ref: Android Authority

 

 

 

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top